အပိုင်း၁ ရာသီမှာ မိုးအနှောင်း ဆောင်းအစသို့ ရောက်ချေပြီ။ ပြာလဲ့လဲ့ကောင်းကင်ပြင်မှာ သာယာလှပနေ၏။ မိုးတွင်းက တမိုးတွင်းလုံး မိုးရေ၊ လေလှိုင်း၊ မုန်တိုင်း၊ ဝဲကတော့တို့နှင့် အသော့ထိုးနေသော ကပ္ပလီပင်လယ်ပြင်မှာ ယခုအခါ ငြိမ်သက်စပြုလာလေပြီ။ နက်ရှိုင်းကျယ်ပြောလှသော သမုဒ္ဒရာထဲမှ တအိအိလိမ့်လာကြသော လူတစ်ရပ်နှစ်ရပ်ခန့် မြင့်မားသည့် အိမ့်လှိုင်းလုံးကြီးများမှာလည်း ယခုအခါ ကပ္ပလီပင်လယ်ပြင်ထဲမှာ မမြင်မတွေ့ရတော့ပေ။ ဆောင်းနတ်မယ်လျသည် မြောက်ဆီက လာစပြုပြီမို့ ပင်လယ်ပြင်မှာ နှင်းမှုန်နှင်းငွေ့တို့ဖြင့် ပြာနှမ်းဖြူလွနေသည်။ သို့သော် ကမ်းရိုးတန်း ကျောက်ဆောင် ကျောက်တန်းများကို အဆက်မပြတ်လာ၍ ရိုက်ခတ်တိုက်ပုတ်နေကြသော လှိုင်းခေါင်းဖြူတို့၏ အသံကား ကမ်းခြေတစ်ဝိုက်မှာ သောသောညံတုန်းပင်တည်း။ ဤရာသီရောက်ပြီဆိုလျှင် ကမ်းရိုးတန်းရှိ ရွာများမှ တံငါရေလုပ်သားကြီးများသည် လုပ်ငန်းခွင်ဝင်ကြရန် စိုင်းပြင်းကြရပြီဖြစ်သည်။ ထို့ကြောင့်လည်း မိုးတွင်းက ပြောင်သလင်းခါနေသော ပင်လယ်ကမ်းခြေရှိ သဲလွင်တီးခေါင်နှင့် ကျောက်ဆောင် ကျောက်တန်းအကြားမှာ ယခုအခါ တံငါတဲငယ်တို့နှင့် အသက် ဝင်လှုပ်ရှားလာကြပြီ ဖြစ်သည်။ အစီအရီ ရပ်တည်နေကြသော တံငါတဲငယ်များရှေ့ တွင...
https://t.me/TheBookR