အခန်း(၁၇) ဆရာဝန်သည် ဝရန်တာ ထောင့်ချိုးတွင် ခွေလျော့စွာ ရပ်နေသော သူ့ဇနီးသည်ကို အားမလို အားမရ စူးစိုက်ကြည့်လျက်ရှိသည်။ သီ ခေါင်းမာမှန်း သူ သိသော်လည်း သူမ၏ကျန်းမာရေး အခြေအနေကို အလောင်းအစား လုပ်ရလောက်အောင် ခေါင်းမာလိမ့်မည်ဟု မထင်ခဲ့ပေ။ ဦးနှောက်ထဲမှ မူမမှန်သော ကျူမာလုံးကြီးကို တတ်နိုင်သမျှ ခွဲထုတ်ပြီး ဖြစ်သော်လည်း တစ်ဝက်လောက် ကျန်နေသေးကြောင်း သူ ဘယ်လိုပြောပြရမည်နည်း။ သီ၏ညိုစိမ့်စိမ့် အသားအရေသည် ယခုအခါ ပိုမိုခြောက်သွေ့ ညိုမောင်းလျက်ရှိသည်။ ပါးပြင်များ၏ တင်းရင်းမှုသည် တဖြည်းဖြည်းချင်း လျော့နည်းလာကာ အခုအချိန်မှာတော့ အရိုးပေါ်မှာ တင်ထားသော အရေပြားသာ ဖြစ်တော့သည်။ ရှည်လျားသော နှာခေါင်းက ပို၍ချွန်ကာ သေးသွားသည်။ ဟိုတုန်းကနှင့် မကွာခြားသော အရာအဖြစ် သီခန္ဓာကိုယ်ပေါ်မှာ မျက်လုံးသာ ကျန်ခဲ့တော့သည်။ မျက်လုံးများကတော့ ယခင်ကလို ကြည်လင်တောက်ပမြဲ အေးစက်မြဲဖြစ်သည်။ ထိုမျက်လုံးများကြောင့်ပင် မန္တလေးသို့ပြန်ဖို့ ဆုံးဖြတ်ချက် ချနိုင်ခြင်း ဖြစ်မည်ဟု သူထင်သည်။ ''သီ့အိမ်မှာ သီ့ကို ပြုစုမယ့်သူ ဘယ်သူရှိလို့လဲ၊ ရောဂါဒဏ်ကို အလူးအလဲ ခံရတဲ့အခါ သီ့ကို ဘယ်ဆရာဝန်က အရေးပေါ် ပြုစုပေးနိုင်မလဲ၊ သီ ခေါင်းမမာပါနဲ့၊ ကိုယ့်...
https://t.me/TheBookR