ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ ကရင် အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား ၁၀ တန်းလား မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ် ဟင်္သာတနယ် နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။ ရထားပေါ်တွင် ရထားစီး များစွာပါ၏၊ ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏၊ နှုတ်ဆော့၏၊ ဘယ်သူနှင့် စကားစမြည် ပြောရ ပါမည်နည်းဟု အပေါက်အစ ရှာလျက်ရှိ၏။ ကွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ ယောက်ျားတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏၊ ခေါင်းတုံးကို မျက်နှာသုတ်ပဝါ ညစ်ထပ်ထပ် ပတ်ထားသည်၊ အင်္ကျီမှာ လယ်ထွန်အင်္ကျီဖြစ်၏၊ လယ်ထွန်အင်္ကျီဆိုသည်ကား ဖျင်ကြမ်းကြမ်း၊ ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က ကနုကမာကြယ်သီးမျိုး သုံးလုံးမျှပါ၏၊ သို့ရာတွင် ကြယ်သီးတပ်မထားချေ၊ ရင်ဘတ်အဟောင်းသား နှင့်ဖြစ်၏၊ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင် ဖြစ်၏။ ထူးခြားသောအချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ်တွင် အတန်အလုံးကြီးသော မဲကြိုး ချည်ပတ်ထားသည်ကို တွေ့ရသည်ကို တွေ့ရ၏၊ ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့်လူကို တွေ့ပြီ...